Monday, December 29, 2008

ငယ်ငယ်တုန်းက (၂)

ပြေးပြေးလွှားလွှား ကစားတဲ့နည်းတွေမှာ အကြိုက်ဆုံးကတော့ ထုတ်ဆီးတိုးခြင်းပါပဲ။ သုံးတန်းလား၊ လေးတန်းလားမှာ သင်ဖူးတဲ့ ထုတ်ဆီးတိုးခြင်းကတော့ မြန်မာ့ရိုးရာကစားနည်းတွေထဲမှာ ပျော်စရာအကောင်းဆုံးပါ။ လွတ်လပ်ရေးနေ့မှာ ရပ်ကွပ်တွေမှာ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာတောင် အမျိုးသားတွေအတွက် ချောတိုင်တက်ပွဲဆို၊ အမျိုးသမီးတွေအတွက် ထုတ်ဆီးတိုးပွဲပေါ့။ ငယ်ငယ်လေးတုန်းကဆို ကိုယ့်ကို မုန်လာဥ(မိုးပေါ်က ကန်စွန်းဥ) လုပ်ထားလို့ ဘယ်သူမှ မဖမ်းမှန်းသိပေမယ့်လည်း ပျော်ပျော်ကြီးဝင်တိုးနေတာပါပဲ။ ကစားချင်တာကိုး။

နောက်"ခိုတိုး"တာလည်းရှိပါသေးတယ်။ စည်းအဝိုင်းသေးသေးလေးတွေကို ရှေ့နောက်စဉ်ပြီး ခပ်လှမ်းလှမ်းတား၊ လိုက်ရမယ့်အဖွဲ့က ခေါင်လူကြီးကလွဲလို့ ကျန်တဲ့ငယ်သားတွေက စည်းဝိုင်းတစ်ခုဆီမှာ တစ်ယောက်ဆီထိုင်(ခိုလေးတွေပေါ့) ။ ခေါင်လူကြီးနှစ်ယောက် လက်ရိုက်နှုတ်ဆက်အပြီးမှာတော့ ပွဲစပါတော့တယ်။ ပြေးတဲ့အဖွဲ့ကလူတွေက ခိုတွေကြားထဲပဲဝင်ပြေးပြေး တန်းစီထိုင်နေတဲ့ ခိုတွေကိုပဲပတ်ပြေးပြေး ပြေးလို့ရပါတယ်။ လိုက်ဖမ်းနေတဲ့ခေါင်လူကြီးက မောလာလို့ပဲရင် တစ်ဖက်အသင်းက လူတွေနဲ့ အနီးဆုံးမှာရှိတဲ့ သူ့လူကို ခိုလို့အော်ပြီး သူ့ကိုယ်စားလိုက်ဖို့ တွန်းလွှတ်၊ သူကမောရင်နောက်တစ်ယောက်ကိုထပ်တွန်း။ အဲဒီလိုနဲ့ တစ်ဖက်အသင်းက လူအကုန်ဖမ်းမိရင် တစ်ပွဲပြီးပေါ့။

နောက်ကစားနည်းတစ်မျိုးကတော့ ရွှေတံခါးကြီးပေါ့။ "ရွှေတံခါးကြီး ဖွင့်ပါဦး"၊ "မဖွင့်နိုင်ဘူး"၊ "မိုးပေါ်ကရွှေနတ်သားလေးပေးပါ့ မယ်"၊ "မလိုချင်ဘူး"လို့ အဖွဲ့လိုက်ညီညီညာညာလေးအော်ခဲ့ကြတာတွေ သတိရပါသေးတယ်။ နောက်ရွှေတံခါးကြီးပွင့်သွားတဲ့အခါ တံခါးလုပ်တဲ့လူတွေက ဆူးလမ်းကသွားလို့ပြောရင်
"ဆူးဆူးတယ်၊ ဆူးဆူးတယ်"လို့ ပါးစပ်ကအော်ပြီး ခုန်ဆွခုန်ဆွ သွားခဲ့တာတွေ၊ ချီးလမ်းကသွားဆိုရင် "ချီးစော်နံတယ်၊ ချီးစော်နံတယ်"လို့ ပါးစပ်ကပြော လက်ကလေးနဲ့ နှာခေါင်းရှေ့မှာ ယပ်ခပ်ပြီးသွာခဲ့ကြတာတွေကို ပြန်တွေးရင် ပြုံးမိပါသေးတယ်။

နောက်ရှိသမျှခွက်တွေ ဆင့်ပြီးအကုန်ထောင်၊ ပြေးရမယ့်အဖွဲ့က ခွက်တွေကို ကင်းဘောလုံးနဲ့လဲအောင်ပစ်၊ လိုက်တဲ့အဖွဲ့က အဲဒီ့ဘောလုံးနဲ့ ကိုယ့်ကိုလိုက်ပစ်ဖမ်းတာကို မထိအောင်ရှောင်ရင်း ခွက်ကလေးတွေကို ပြန်ပြီးစီရတဲ့ "ခွက်ပစ်တမ်း" ကစားကြတာကိုလည်းသတိရပါသေးတယ်။

နောက် "အရူးမ မစာဥ၊ ညောင်ပင်တစ္ဆေ၊ ကျောက်ရုပ် ကျောက်ဖျတ်၊ ရေလား ကုန်းလား၊ ရွှေစွန်ညို၊ ဆီမီးခွက်ကြီး ဂျောင်ဂျိန်၊ စိန်ပြေးတမ်း"တို့ကို တစ်နေ့တစ်မျိုးမကပဲ တစ်နေ့ကို နှစ်မျိုးသုံးမျိုး မရိုးအောင်ကစားခဲ့ကြတာပါ။ ဘယ်ကစားနည်းကိုမဆို မကစားခင်မှာ ဘယ်သူစပြေးမလဲကိုတော့ "ကျား၊ဗိုလ်"ဆွဲ ဒါမမဟုတ် "ဗြောင် နောင် နောင် ပတ်ပေ ပေ့ ဂျိ"တို့နဲ့ ဆုံးဖြတ်ခဲ့ကြတာပေါ့။

တကယ်တော့ မြန်မာ့ရိုးရာကစားနည်းတွေဟာ ပျော်စရာ အလွန်ကောင်းရုံသာမက အသင်းအဖွဲ့နဲ့ ကစားရလို့ စည်းလုံးခြင်းကို ဖြစ်စေသလို ပြေးလွှားကစားရလို့ ကျန်းမားရေးအတွက်လည်းကောင်းတာပါ။ လသာတဲ့ညတွေဆို ကိုယ့်နောက်ကို အမြဲတမ်းလိုက်နေတဲ့ လမင်းကြီးကိုမော့ကြည့်ရင်း ပြေးလွှားဆော့ကစားခဲ့ကြတာ မမောနိုင်မပမ်းနိုင်ပဲပေါ့။

အခုတော့ ကျွန်မတို့တွေ လောကဓံတရားနဲ့ ပြေးလွှားကစားနေရပေါ့။ ဘဝဇာတ်ဆရာ အလိုကျလည်း ကရခုန်ကြရပြန်ပါတယ်။ နိုင်နေတယ် ထင်ပြီး ရှုံးနေခဲ့တာရှိသလို၊ ရှုံးနေတုန်းမှာလည်း ပြန်နိုင်တာမျိုး ကြုံနေတတ်ပါသေးတယ်။ ပေါ့ပါးလွတ်လပ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝကိုတော့ ပြန်တမ်းတလည်း မရနိုင်တော့ဘူးပေါ့။
မိုး




No comments: