Saturday, December 20, 2008

ငယ်ငယ်တုန်းက

ညအခါ လသာသာ
ကစားမလား နားမလား။
လို့ တစ်တန်းတုန်းက သင်ခဲ့ရတဲ့ စာချိုးလေးအတိုင်း လသာတဲ့ညတွေဟာ ကိုယ်တို့ ငယ်ငယ်တုန်းက ပျော်စရာကောင်းလှပါတယ်။ ငယ်ငယ်တုန်းက အရမ်းဆော့ပါတယ်။ ပြန်တွေးကြည့်ရင် ငယ်ငယ်တုန်းက စာထိုင်ကျက်နေတာ မမှတ်မိပေမယ့် ကစားနည်းအစုံ ကစားတာမှတ်မိပါတယ်။ မျောက်ရှုံးမရှုံးတော့ မသိပါ။ ဒူးခေါင်းမှာတော့ မတ်စေ့၊ ကျပ်စေ့ ဆိုဒ်စုံရှိပါတယ်။ ကစားရင်း ချော်လဲလို့ ရထားတဲ့ အမာရွတ်တွေပါ။ နေခဲ့တဲ့ ရပ်ကွက်ကလည်း ကိုယ်တွေနဲ့သက်တူရွယ်တူတွေ အပြိုင်းအရိုင်းပါ။ နေ့ရော၊ ညပါ အုပ်စုလိုက် အမျိုးမျိုးကစားကြတာ ပျော်စရာပါ။

အခုခေတ်ကလေးတွေကိုတော့ ရပ်ကွက်ထဲမှာ ကစားတာသိပ်မတွေ့ရတော့ပါ။ TV၊ VCD နဲ့ Game တွေကြောင့်လား။ ကိုယ်နေတဲ့ ရပ်ကွက်က တိုက်ခန်းတွေပဲမို့လား။ ဒါမှမဟုတ် ကျောင်းတွေ၊ ကျူရှင်တွေနဲ့ပဲ လုံးပန်းနေရလို့လား မသိပါ။ ကိုယ်တွေလည်း ငယ်ငယ်က ကျူရှင်နေတာပါပဲ။ ၂တန်းလောက်ထဲက စနေတယ်ထင်တယ်။ စနေ၊ တနင်္ဂနွေ ကျူရှင်ကအပြန်ဆို လမ်းမှာတွေ့သမျှ ပန်းတွေ၊ အပင်တွေ လျှောက်ခူးသွားတာပါပဲ။ အိမ်ရောက်ရင်တော့ မြေအိုးပုတ်ကလေးတွေနဲ့ ဟင်းသီးဟင်းရွတ်၊ အသုတ်စုံနဲ့ ထမင်းဟင်းရောင်းကြတော့တာပေါ့။ ခြံစည်းရိုးမှာ စိုက်ထားတဲ့ ပုဏ်နရိတ်ရွက်တွေကတော့ ပိုက်ဆံပေါ့။

နောက်ပြီး အခုလိုဆောင်းတွင်းမှာ ကျင်းပတဲ့ မယ်လမုဘုရားပွဲကိုသွားရင် ပွဲဈေးတန်းမှာ မိဘတွေကို ဝယ်ပေးဖို့ပူစာတာကတော့ အတွဲလိုက်ရောင်းတဲ့ ဒန်အိုးလေးတွေပါ။ မီးဖိုသေးသေးလေးတွေ၊ ဒယ်ပြားလေးတွေနဲ့ ယောင်းမဇွန်း သေးသေးလေးတွေလည်းပါတာပေါ့။ အိမ်ရောက်ရင် ဝယ်လာတဲ့ ရေမုန့်တို့ ကောက်ညှင်းကျည်ထောက်တို့ကို အဲဒီ့ပန်းကန်လေးတွေ အိုးလေးတွေထည့်ပြီးစား၊ နောက်နေ့ အမေ့ထမင်းဟင်းကျက်တဲ့အချိန်ဆို အိုးလေးတွေထဲ ထမင်းတွေ ဟင်းတွေဖြည့်ပြီး တစ်လုပ်စာလောက်သာလောက်တဲ့ ပန်းကန်ပြားသေးသေးတွေထဲထည့်စားရတာ ပိုအရသာရှိနေသလိုပါပဲ။


နောက်တခါ ညပိုင်းသူငယ်ချင်းတွေ ဆုံရင် ခြံထဲမှာဖျာလေးခင်းပြီး ကတမ်းခုန်တမ်းကစားကြပါသေးတယ်။ အဲဒီ့အချိန်တုန်းက သီတင်းကျွတ် တန်ဆောင်တိုင်ဆိုရင် တေးသရုပ်ဖော်တွေခတ်စားတယ်မဟုတ်လား။
ကိုယ်တို့တွေလည်း ကော်လာပေါ်မှာ နှုတ်ခမ်းနီတို့၊ ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ်တို့ဆိုပြီး မမောတမ်းကခဲ့ကြပါသေးတယ်။

နောက်တမျိုးကတော့ ကတ်ထူစက္ကူအဖြူရောင်ပေါ်မှာ မိန်းကလေးပုံ ဆွဲပါတယ်။ ရေကူးဝတ်စုံလေးနဲ့ပေါ့။
သူ့ပုံလေးကို ကတ်ကြေးနဲ့ဖြတ်ပြီး စက္ကူပြောင်ပေါ်မှာ သူ့ကိုယ်တိုင်းနဲ့ အကျီတွေ လုံချည်တွေဆွဲ ရောင်စုံခြည်ပြီးညှပ်၊ ညှပ်တဲ့အခါ အရုပ်ကိုယ်မှာကပ်နိုင်ဖို့ ခုံးနေရာမှာစက္ကူချောင်းလေးပိုညှပ်ရတာပေါ့။ ကိုယ့်အရုပ်ကိုယ် စိတ်တိုင်းကျ ဒီဇိုင်းစုံဆင်ပေးနိုင်တဲ့ အတွက်အရမ်းကြိုက်ပါတယ်။ နောက်ပိုင်းတော့ အဲသလိုဆင်ဆင် ယိုးဒယားဘက်ကဝင်တာထင်တဲ့ ကတ်ပြားပေါ်မှာ ဆွဲပြီးသားလေးတွေ ရောင်းပါတယ်။


နောက်ပုတ်ကားဆိုတဲ့ ကစားနည်မျိုးကစားပါသေးတယ်။ အဲဒါကတော့ မော်လမြိုင်ရောက်မှ ကစားဖူးတာပါ။
လောင်းကစားနည်းနည်းဆန်ပါတယ်။ ဒိုင်ကိုင်တဲ့သူနဲ့ ထိုးသားရှိရပါတယ်။ ကဒ်ထူပြား၁၂ချပ်လောက်ပေါ်နဲ့ စက္ကူကြီးကြီးတစ်ရွက်ပေါ်မှာ မင်းသားမင်းသမီးနာမည်တွေရေး ဒိုင်ကကဒ်ထူပြားတွေကိုဖဲချပ်တွေလို ကုလားဖန်ထိုး၊ ထိုးသားတွေက စက္ကူပေါ်က ကိုယ်ထိုးချင်တဲ့ မင်းသမီး မင်းသား နာမည်ပေါ်မှာ လောင်းကြေးထားရပါတယ်။ လောင်းကြေးကတော့ သားရေကွင်းတို့၊ သကြားလုံးစက္ကူတို့ပေါ့။
နောက်တော့ ဒိုင်က ထပ်ပြီးတော့ မှောက်ကိုင်ထားတဲ့ ကတ်ထူလေးတွေကို လာတယ၊် မလာဘူးလို့ ပါးစပ်ကပြောပြီးအောက်ကိုချတဲ့အခါ ကိုယ်ထိုးထာတဲ့နာမည်က လာတဲ့ဘက်မှာကျရင် ဒိုင်ကကိုယ့်ကိုလျော် မလာတဲဘက်ကျရင်တော့ ဒိုင်စားပေါ့။

ဒီကစားနည်းတွေအားလုံးကတော့ ခပ်ငြိမ်ငြိမ်ဆိမ်ဆိမ်ကစားရတာပေါ့။ ပြေးပြေးလွှားလွှား တွန်းတွန်းတိုက်တိုက် ကစားနည်းတွေအကြောင်းကတော့ ဆက်ရန်ရှိသေးသည်ပေါ့။
မိုး

No comments: