Moe and Thiri

Friday, February 13, 2009

အမှတ်တရ


ရှိခဲ့မယ်ဆိုရင် ၉၄နှစ်ပေါ့။

Tuesday, February 3, 2009

လိမ်စား

ပြီးခဲ့တဲ့ နိုဝင်ဘာလောက်က ညီမလေးမိုဘိုင်းလ်မှာ sms တစ်ခုဝင်ပါတယ်။ UK Nokia Promotionအရ computerနဲ့ mobile noတွေကို lucky draw ဖောက်တာ သင့်နံပါတ်က 172,000 Great Britain Poundsပေါက်ပါတယ်ဆိုပြီးတော့ပါ။ ဆုကိုထုတ်ယူဖို့အတွက် ဘယ်ကိုခေါ်ပါ။ ဘာကိုပို့ပါဆိုပြီးတော့ပေါ့။ မဖြစ်နိုင်လို့ တွက်ပြီးနှစ်ယောက်သား ဘာမှမလုပ်ခဲ့ကြပါဘူး။ ဒါပေမယ့် ဟိုတလောကမှ ညီမလေးက ပြောပါတယ်။ မမရေဟိုတလောက ရထားတဲ့ smsကပေးထားတဲ့ နံပါတ်ကို ဖုန်းခေါ်ကြည့်တာ ဟုတ်တယ်တဲ့၊ ညီမလေးပေါက်တာ မှန်တယ်လို့ တစ်ဖက်က ပြောတယ်၊ သူတို့ပေးထားတဲ့ email add.ကို mail ပို့ပါလို့ ပြောပါသတဲ့။ သူလည်းအလုပ်ထဲမှာ ညစ်လာလို့နေမှာပါ။ ကောက်ရိုးတစ်စ ဆွဲကြည့်တဲ့သဘောပေါ့။ ဟုတ်ခဲ့ရင် နှစ်ယောက်သား အထုပ်ပိုက် အိမ်ပြန်မယ်ပေါ့။

ဒါနဲ့ပဲ ညီအစ်မနှစ်ယောက် mailပို့ကြည့်ကြပါတယ်။ သူတို့ဖက်ကလည်း ပြန်လာပါတယ်။ Congratulations နဲ့စလို့ ဆုပေါက်သောသူမှန်ကန်ကြောင်း သေချာစေရန် သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို passportသို့မဟုတ် driving license copyနဲ့ တွဲပို့ရန်၊ အမှားပါခဲ့သည်ရှိသော အယောင်ဆောင်မှုနှင့် ပယ်မယ်ဖြစ်ကြောင်း ဘာညာသာတကာတွေနဲ့ပေါ့။ ပြောတဲ့အတိုင်းပို့ကြည့်လို့ ပြန်လာတဲ့ စာကတော့ မှန်ကန်ပါကြောင်း၊ ဆုထုတ်ယူရန်အတွက် Londonက လိပ်စာတစ်ခုပေးပါတယ်။ လာရောက်မထုတ်ယူနိုင်ပါက ငွေလွှဲစာရွက်ပို့ပေးရန် အောက်ပါ courier serviceသုံးခုမှ သင့်တော်ရာတစ်ခုရွေးပါစာပြန်ပို့ပါ။ ပို့ခကိုတော့သင်က တာဝန်ယူရပါမည်။ ဆုငွေလုံခြုံသေချာမှုအတွက် ဆုငွေမှလည်းနုတ်ယူလို့မရပါ။ ဘယ်လိုပို့ရမည်ကို အသေးစိတ်ပြန်ကြားပါမည်တဲ့။
ပို့ခတွေက အနည်းဆုံးကတော့ 520 pounds ပါ။ အရင်ကတည်းက မသင်္ကာမှုနဲ့ တော်တော်လေးတွေဝေသွားပါတယ်။ ဆုငွေကလည်း နည်းတာမဟုတ်။ 172,000 အတွက် 520ကို ရင်းလိုက်ရမလားပေါ့။ ဒီလိုမျိုးရှိတတ်လားလို့ UKက အသိတစ်ယောက်ယောက်ပဲ ရှာမေးရမလား စဉ်စားနေရင်းနဲ့မှ ဇာတ်လိုက်ကျော် internet ကိုသွားသတိရမိပါတယ်။ ဒီခေတ်ကြီးထဲမှာ သူမသိတာရှာမှရှား မဟုတ်လား။ UK Nokia promotionဆိုပြီး googleကြည့်လိုက်တော့မှ လား..လား.. အလားတူကိစ္စပေါင်း သောင်းခြောက်ထောင်ရှိကြောင်းကို တွေ့ခဲ့ရပါတယ်။ နိုင်ငံအတော်များများက လူတွေဆီကို အလားတူ smsတွေပို့ထားတာပဲ။ ဆက်သွယ်ရမယ့်လူအမည်နဲ့ ဆုငွေပမာဏသာ ကွာပါတယ်။ တစ်ချို့များဆို ယုံပြီးတော့courierခတောင်ပို့လိုက်သေးပါတယ်။ ပို့ပြီးနောက်တော့ စာမလာသတင်းမကြားပေါ့။
ဒီတော့မှပဲ အရင်ကတည်းက ဒီလိုစုံစမ်းဖို့ သတိမရတာကို ဒေါသထွက်မိပါတယ်။ လတ်မတင်လေး သိလိုက်ရတော့ တော်သေးတယ်လို့ဆိုရ မှာပေါ့။ ဒါတောင်မှ passport copy နဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေပေးမိသေးတာလေ။ သတိမမူတာမဟုတ်ပေမယ့် လောဘနည်းနည်းတတ်သွားမိတာပါ။ ဒါကြောင့်ထပ်ပြီးမဆက်သွယ်တော့ပေမယ့်၊ သူတို့ဖက်က ညီမလေးကို ဖုန်းထပ်ခေါ်ပြီး မေးပါသေးတယ်။ Courierခ မပို့နိုင်ဘူးလားလို့။ ညီမလေးက ငါတော့မပို့နိုင်ဘူး၊ ဆုငွေထဲကဖြတ်ချင်ဖြတ်၊ ဖြတ်လို့မရရင် နင်တို့ပဲမျှယူလိုက်ကြလို့ ပြောပြီး ဖုန်းချပစ်လိုက်ပါသတဲ့။
အဲဒီလိုလိမ်စားတာတွေကြားဖူးပေမယ့် တစ်ခါမှမကြုံဖူးပါ။ အခုမှပဲ ကိုယ်တွေ့ကြုံတော့ ပိပိရိရိလိမ်စားသူတွေရှိပါလားလို့ အံ့သြရပါတယ်။ သူတို့က UKကနေပြီးတော့ တခြားနိုင်ငံတွေကိုပဲ targetထားပြီး အဲဒီလို smsတွေပို့တာ၊ အဓိကကတော့ ငွေလွှဲအတွက်ပို့ခအတွက် ရောက်လာတဲ့ပို့ခတွေကို လိမ်စားချင်တာကိုး။ ပို့ထားတဲ့ emailမှာ အရင်ပေါက်ထားတဲလူတွေ ချက်လက်မှတ်ယူနေတဲ့ပုံတွေ ဘာတွေနဲ့နော်။ ဒီလိုကြုံဖူး၊ကြားဖူးတဲ့သူတွေရှိနိုင်ပေမယ့် မသိသေးတဲ့သူတွေအတွက် ဒီအကြောင်းကလေးကို မျှဝေပေးလိုက်ပါတယ်။
UK Nokia Promotionက Lucky Drawပေါက်ပါတယ်ဆိုရင် သတိသာထားကြပေတော့။

Sunday, January 4, 2009

လွတ်လပ်ရေးနေ့


"....ထောင်ပေါင်းများစွာ... အသက်သွေးနဲ့.... စတေးခံကာအတည်.... ရယူခဲ့သည်.....ရယူခဲ့သည် ရယူခဲ့ပါသည်....အခုတော့လွတ်လပ်ပြီ...လွတ်လပ်ပြီ...လွတ်လပ်ပြီ....."
(၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့ပါ။ မြန်မာ့ လွတ်လပ်ရေးအတွက် အသက၊်သွေး၊ချွေးပေးဆပ်ခဲ့သူ အားလုံးကို ဦးညွှတ်ပါတယ်။
မိုးနှင့်သီရိ

Thursday, January 1, 2009

Happy New Year






"မင်္ဂလာရှိသော နှစ်သစ်ပါ။"


နှစ်သစ်မှာ ကမ္ဘာကြီးနှင့်တကွ လူသားအားလုံး စစ်များဘေး၊ ကပ်များဘေး၊ ရန်သူမျိုးငါးပါးဘေးတို့မှ လွတ်ကင်းပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


Note: pictures were taken from peace on earth images web.

Monday, December 29, 2008

ငယ်ငယ်တုန်းက (၂)

ပြေးပြေးလွှားလွှား ကစားတဲ့နည်းတွေမှာ အကြိုက်ဆုံးကတော့ ထုတ်ဆီးတိုးခြင်းပါပဲ။ သုံးတန်းလား၊ လေးတန်းလားမှာ သင်ဖူးတဲ့ ထုတ်ဆီးတိုးခြင်းကတော့ မြန်မာ့ရိုးရာကစားနည်းတွေထဲမှာ ပျော်စရာအကောင်းဆုံးပါ။ လွတ်လပ်ရေးနေ့မှာ ရပ်ကွပ်တွေမှာ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာတောင် အမျိုးသားတွေအတွက် ချောတိုင်တက်ပွဲဆို၊ အမျိုးသမီးတွေအတွက် ထုတ်ဆီးတိုးပွဲပေါ့။ ငယ်ငယ်လေးတုန်းကဆို ကိုယ့်ကို မုန်လာဥ(မိုးပေါ်က ကန်စွန်းဥ) လုပ်ထားလို့ ဘယ်သူမှ မဖမ်းမှန်းသိပေမယ့်လည်း ပျော်ပျော်ကြီးဝင်တိုးနေတာပါပဲ။ ကစားချင်တာကိုး။

နောက်"ခိုတိုး"တာလည်းရှိပါသေးတယ်။ စည်းအဝိုင်းသေးသေးလေးတွေကို ရှေ့နောက်စဉ်ပြီး ခပ်လှမ်းလှမ်းတား၊ လိုက်ရမယ့်အဖွဲ့က ခေါင်လူကြီးကလွဲလို့ ကျန်တဲ့ငယ်သားတွေက စည်းဝိုင်းတစ်ခုဆီမှာ တစ်ယောက်ဆီထိုင်(ခိုလေးတွေပေါ့) ။ ခေါင်လူကြီးနှစ်ယောက် လက်ရိုက်နှုတ်ဆက်အပြီးမှာတော့ ပွဲစပါတော့တယ်။ ပြေးတဲ့အဖွဲ့ကလူတွေက ခိုတွေကြားထဲပဲဝင်ပြေးပြေး တန်းစီထိုင်နေတဲ့ ခိုတွေကိုပဲပတ်ပြေးပြေး ပြေးလို့ရပါတယ်။ လိုက်ဖမ်းနေတဲ့ခေါင်လူကြီးက မောလာလို့ပဲရင် တစ်ဖက်အသင်းက လူတွေနဲ့ အနီးဆုံးမှာရှိတဲ့ သူ့လူကို ခိုလို့အော်ပြီး သူ့ကိုယ်စားလိုက်ဖို့ တွန်းလွှတ်၊ သူကမောရင်နောက်တစ်ယောက်ကိုထပ်တွန်း။ အဲဒီလိုနဲ့ တစ်ဖက်အသင်းက လူအကုန်ဖမ်းမိရင် တစ်ပွဲပြီးပေါ့။

နောက်ကစားနည်းတစ်မျိုးကတော့ ရွှေတံခါးကြီးပေါ့။ "ရွှေတံခါးကြီး ဖွင့်ပါဦး"၊ "မဖွင့်နိုင်ဘူး"၊ "မိုးပေါ်ကရွှေနတ်သားလေးပေးပါ့ မယ်"၊ "မလိုချင်ဘူး"လို့ အဖွဲ့လိုက်ညီညီညာညာလေးအော်ခဲ့ကြတာတွေ သတိရပါသေးတယ်။ နောက်ရွှေတံခါးကြီးပွင့်သွားတဲ့အခါ တံခါးလုပ်တဲ့လူတွေက ဆူးလမ်းကသွားလို့ပြောရင်
"ဆူးဆူးတယ်၊ ဆူးဆူးတယ်"လို့ ပါးစပ်ကအော်ပြီး ခုန်ဆွခုန်ဆွ သွားခဲ့တာတွေ၊ ချီးလမ်းကသွားဆိုရင် "ချီးစော်နံတယ်၊ ချီးစော်နံတယ်"လို့ ပါးစပ်ကပြော လက်ကလေးနဲ့ နှာခေါင်းရှေ့မှာ ယပ်ခပ်ပြီးသွာခဲ့ကြတာတွေကို ပြန်တွေးရင် ပြုံးမိပါသေးတယ်။

နောက်ရှိသမျှခွက်တွေ ဆင့်ပြီးအကုန်ထောင်၊ ပြေးရမယ့်အဖွဲ့က ခွက်တွေကို ကင်းဘောလုံးနဲ့လဲအောင်ပစ်၊ လိုက်တဲ့အဖွဲ့က အဲဒီ့ဘောလုံးနဲ့ ကိုယ့်ကိုလိုက်ပစ်ဖမ်းတာကို မထိအောင်ရှောင်ရင်း ခွက်ကလေးတွေကို ပြန်ပြီးစီရတဲ့ "ခွက်ပစ်တမ်း" ကစားကြတာကိုလည်းသတိရပါသေးတယ်။

နောက် "အရူးမ မစာဥ၊ ညောင်ပင်တစ္ဆေ၊ ကျောက်ရုပ် ကျောက်ဖျတ်၊ ရေလား ကုန်းလား၊ ရွှေစွန်ညို၊ ဆီမီးခွက်ကြီး ဂျောင်ဂျိန်၊ စိန်ပြေးတမ်း"တို့ကို တစ်နေ့တစ်မျိုးမကပဲ တစ်နေ့ကို နှစ်မျိုးသုံးမျိုး မရိုးအောင်ကစားခဲ့ကြတာပါ။ ဘယ်ကစားနည်းကိုမဆို မကစားခင်မှာ ဘယ်သူစပြေးမလဲကိုတော့ "ကျား၊ဗိုလ်"ဆွဲ ဒါမမဟုတ် "ဗြောင် နောင် နောင် ပတ်ပေ ပေ့ ဂျိ"တို့နဲ့ ဆုံးဖြတ်ခဲ့ကြတာပေါ့။

တကယ်တော့ မြန်မာ့ရိုးရာကစားနည်းတွေဟာ ပျော်စရာ အလွန်ကောင်းရုံသာမက အသင်းအဖွဲ့နဲ့ ကစားရလို့ စည်းလုံးခြင်းကို ဖြစ်စေသလို ပြေးလွှားကစားရလို့ ကျန်းမားရေးအတွက်လည်းကောင်းတာပါ။ လသာတဲ့ညတွေဆို ကိုယ့်နောက်ကို အမြဲတမ်းလိုက်နေတဲ့ လမင်းကြီးကိုမော့ကြည့်ရင်း ပြေးလွှားဆော့ကစားခဲ့ကြတာ မမောနိုင်မပမ်းနိုင်ပဲပေါ့။

အခုတော့ ကျွန်မတို့တွေ လောကဓံတရားနဲ့ ပြေးလွှားကစားနေရပေါ့။ ဘဝဇာတ်ဆရာ အလိုကျလည်း ကရခုန်ကြရပြန်ပါတယ်။ နိုင်နေတယ် ထင်ပြီး ရှုံးနေခဲ့တာရှိသလို၊ ရှုံးနေတုန်းမှာလည်း ပြန်နိုင်တာမျိုး ကြုံနေတတ်ပါသေးတယ်။ ပေါ့ပါးလွတ်လပ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝကိုတော့ ပြန်တမ်းတလည်း မရနိုင်တော့ဘူးပေါ့။
မိုး




Saturday, December 20, 2008

ငယ်ငယ်တုန်းက

ညအခါ လသာသာ
ကစားမလား နားမလား။
လို့ တစ်တန်းတုန်းက သင်ခဲ့ရတဲ့ စာချိုးလေးအတိုင်း လသာတဲ့ညတွေဟာ ကိုယ်တို့ ငယ်ငယ်တုန်းက ပျော်စရာကောင်းလှပါတယ်။ ငယ်ငယ်တုန်းက အရမ်းဆော့ပါတယ်။ ပြန်တွေးကြည့်ရင် ငယ်ငယ်တုန်းက စာထိုင်ကျက်နေတာ မမှတ်မိပေမယ့် ကစားနည်းအစုံ ကစားတာမှတ်မိပါတယ်။ မျောက်ရှုံးမရှုံးတော့ မသိပါ။ ဒူးခေါင်းမှာတော့ မတ်စေ့၊ ကျပ်စေ့ ဆိုဒ်စုံရှိပါတယ်။ ကစားရင်း ချော်လဲလို့ ရထားတဲ့ အမာရွတ်တွေပါ။ နေခဲ့တဲ့ ရပ်ကွက်ကလည်း ကိုယ်တွေနဲ့သက်တူရွယ်တူတွေ အပြိုင်းအရိုင်းပါ။ နေ့ရော၊ ညပါ အုပ်စုလိုက် အမျိုးမျိုးကစားကြတာ ပျော်စရာပါ။

အခုခေတ်ကလေးတွေကိုတော့ ရပ်ကွက်ထဲမှာ ကစားတာသိပ်မတွေ့ရတော့ပါ။ TV၊ VCD နဲ့ Game တွေကြောင့်လား။ ကိုယ်နေတဲ့ ရပ်ကွက်က တိုက်ခန်းတွေပဲမို့လား။ ဒါမှမဟုတ် ကျောင်းတွေ၊ ကျူရှင်တွေနဲ့ပဲ လုံးပန်းနေရလို့လား မသိပါ။ ကိုယ်တွေလည်း ငယ်ငယ်က ကျူရှင်နေတာပါပဲ။ ၂တန်းလောက်ထဲက စနေတယ်ထင်တယ်။ စနေ၊ တနင်္ဂနွေ ကျူရှင်ကအပြန်ဆို လမ်းမှာတွေ့သမျှ ပန်းတွေ၊ အပင်တွေ လျှောက်ခူးသွားတာပါပဲ။ အိမ်ရောက်ရင်တော့ မြေအိုးပုတ်ကလေးတွေနဲ့ ဟင်းသီးဟင်းရွတ်၊ အသုတ်စုံနဲ့ ထမင်းဟင်းရောင်းကြတော့တာပေါ့။ ခြံစည်းရိုးမှာ စိုက်ထားတဲ့ ပုဏ်နရိတ်ရွက်တွေကတော့ ပိုက်ဆံပေါ့။

နောက်ပြီး အခုလိုဆောင်းတွင်းမှာ ကျင်းပတဲ့ မယ်လမုဘုရားပွဲကိုသွားရင် ပွဲဈေးတန်းမှာ မိဘတွေကို ဝယ်ပေးဖို့ပူစာတာကတော့ အတွဲလိုက်ရောင်းတဲ့ ဒန်အိုးလေးတွေပါ။ မီးဖိုသေးသေးလေးတွေ၊ ဒယ်ပြားလေးတွေနဲ့ ယောင်းမဇွန်း သေးသေးလေးတွေလည်းပါတာပေါ့။ အိမ်ရောက်ရင် ဝယ်လာတဲ့ ရေမုန့်တို့ ကောက်ညှင်းကျည်ထောက်တို့ကို အဲဒီ့ပန်းကန်လေးတွေ အိုးလေးတွေထည့်ပြီးစား၊ နောက်နေ့ အမေ့ထမင်းဟင်းကျက်တဲ့အချိန်ဆို အိုးလေးတွေထဲ ထမင်းတွေ ဟင်းတွေဖြည့်ပြီး တစ်လုပ်စာလောက်သာလောက်တဲ့ ပန်းကန်ပြားသေးသေးတွေထဲထည့်စားရတာ ပိုအရသာရှိနေသလိုပါပဲ။


နောက်တခါ ညပိုင်းသူငယ်ချင်းတွေ ဆုံရင် ခြံထဲမှာဖျာလေးခင်းပြီး ကတမ်းခုန်တမ်းကစားကြပါသေးတယ်။ အဲဒီ့အချိန်တုန်းက သီတင်းကျွတ် တန်ဆောင်တိုင်ဆိုရင် တေးသရုပ်ဖော်တွေခတ်စားတယ်မဟုတ်လား။
ကိုယ်တို့တွေလည်း ကော်လာပေါ်မှာ နှုတ်ခမ်းနီတို့၊ ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ်တို့ဆိုပြီး မမောတမ်းကခဲ့ကြပါသေးတယ်။

နောက်တမျိုးကတော့ ကတ်ထူစက္ကူအဖြူရောင်ပေါ်မှာ မိန်းကလေးပုံ ဆွဲပါတယ်။ ရေကူးဝတ်စုံလေးနဲ့ပေါ့။
သူ့ပုံလေးကို ကတ်ကြေးနဲ့ဖြတ်ပြီး စက္ကူပြောင်ပေါ်မှာ သူ့ကိုယ်တိုင်းနဲ့ အကျီတွေ လုံချည်တွေဆွဲ ရောင်စုံခြည်ပြီးညှပ်၊ ညှပ်တဲ့အခါ အရုပ်ကိုယ်မှာကပ်နိုင်ဖို့ ခုံးနေရာမှာစက္ကူချောင်းလေးပိုညှပ်ရတာပေါ့။ ကိုယ့်အရုပ်ကိုယ် စိတ်တိုင်းကျ ဒီဇိုင်းစုံဆင်ပေးနိုင်တဲ့ အတွက်အရမ်းကြိုက်ပါတယ်။ နောက်ပိုင်းတော့ အဲသလိုဆင်ဆင် ယိုးဒယားဘက်ကဝင်တာထင်တဲ့ ကတ်ပြားပေါ်မှာ ဆွဲပြီးသားလေးတွေ ရောင်းပါတယ်။


နောက်ပုတ်ကားဆိုတဲ့ ကစားနည်မျိုးကစားပါသေးတယ်။ အဲဒါကတော့ မော်လမြိုင်ရောက်မှ ကစားဖူးတာပါ။
လောင်းကစားနည်းနည်းဆန်ပါတယ်။ ဒိုင်ကိုင်တဲ့သူနဲ့ ထိုးသားရှိရပါတယ်။ ကဒ်ထူပြား၁၂ချပ်လောက်ပေါ်နဲ့ စက္ကူကြီးကြီးတစ်ရွက်ပေါ်မှာ မင်းသားမင်းသမီးနာမည်တွေရေး ဒိုင်ကကဒ်ထူပြားတွေကိုဖဲချပ်တွေလို ကုလားဖန်ထိုး၊ ထိုးသားတွေက စက္ကူပေါ်က ကိုယ်ထိုးချင်တဲ့ မင်းသမီး မင်းသား နာမည်ပေါ်မှာ လောင်းကြေးထားရပါတယ်။ လောင်းကြေးကတော့ သားရေကွင်းတို့၊ သကြားလုံးစက္ကူတို့ပေါ့။
နောက်တော့ ဒိုင်က ထပ်ပြီးတော့ မှောက်ကိုင်ထားတဲ့ ကတ်ထူလေးတွေကို လာတယ၊် မလာဘူးလို့ ပါးစပ်ကပြောပြီးအောက်ကိုချတဲ့အခါ ကိုယ်ထိုးထာတဲ့နာမည်က လာတဲ့ဘက်မှာကျရင် ဒိုင်ကကိုယ့်ကိုလျော် မလာတဲဘက်ကျရင်တော့ ဒိုင်စားပေါ့။

ဒီကစားနည်းတွေအားလုံးကတော့ ခပ်ငြိမ်ငြိမ်ဆိမ်ဆိမ်ကစားရတာပေါ့။ ပြေးပြေးလွှားလွှား တွန်းတွန်းတိုက်တိုက် ကစားနည်းတွေအကြောင်းကတော့ ဆက်ရန်ရှိသေးသည်ပေါ့။
မိုး

Thursday, December 18, 2008

Internet နှင့် ကိုယ်

Internet နဲ့ အကျိုးမပေးပုံများ ပြောတောင်မပြောချင်ပါဘူး။ အဲဒီလိုမပြောချင်ဘူးနဲ့ စလို့ကတော့ အကုန်လုံးပြောတော့မယ်ဆိုတာ သိကြမှာပါ။ အဲဒီတော့ ဆက်ပြောပါမယ်။
Internet စလျှောက်တော့ Etisalatမှာ Formတင်ပြီးနောက်နေ့မှာ လာဆင်ပါတယ်။ လျှောက်တုန်းက cableသုံးပဲလျှောက်တာပါ။ လာဆင်တော့ laptopက windows Vistaမို့ cable နဲ့ပဲသုံးလို့ရတဲ့ Routerက လောလောဆယ်မရပါတဲ့။ Wirelessရော cable နဲ့ရောသုံးမယ်ဆိုရင်တော့ အခုဆင်ပေးမယ်၊ နို့မို့ရင်တော့စောင့်ပါတဲ့။ ဈေးသက်သာပြီး အရှုပ်အရှင်းကင်းမဲ့ cable useကိုမှာကာမှ..။ ဒါပေမယ့် မစောင့်ချင်တော့တာနဲ့ wirelessပဲဆင်ခိုင်းလိုက်ရပါတယ်။

ဆင်ပြန်တော့လည်း system errorပါတဲ့။ Connectionမရပါ။ ဒီတော့ အခုaccountကိုပိတ်ပြီး အသစ်တခုထပ်ဖွင့်ပါတဲ့။ ဒါက နင်တို့ဘက်ကဖြစ်တာပဲ နင်တို့ဘာသာနင်တို့ fixလုပ်ပါလားဆိုတော့ အဲဒီ့ကုလားက ငါကဆင်ပေးတဲ့ engineer ပဲ၊ နင့်ဘာသာနင် customer serviceကို complaintလုပ်ဆိုပြီး ခါသွားပါတယ်။ ဖုန်းခေါ်တော့ တင်ထားပေးမယ်ပြောပေမယ့် မလုပ်ရင်သာကြာမယ် စမိရင်တော့ အခုဆိုအခုဆိုတဲ့ စိတ်ကြောင့် အနီးဆုံးမှာရှိတဲ့ customer service centreကို အချိန်ကုန်၊ taxiခကုန်၊ လူအပင်ပန်းခံပြီး ထပ်သွားရပါတယ်။ နှစ်နာရီလောက် စောင့်ရပါတယ်။ အသစ်ပြန်ဖွင့်ခဲ့ရပါတယ်။

နောက်တနေ့မှာ ဟိုတနေ့ကကုလားပဲ လာထပ်ဆင်ပါတယ်။ အဆင်ပြေပါတယ်။ Yahoo home pageတွေဘာတွေစမ်းပြပြီး ထွက်သွားပါတယ်။ သူထွက်သွားတော့ နောက်တစ်နာရီလောက်အတွင်းမှာပဲ သုးံနေတုန်း လိုင်းပြတ်သွားပါတယ်။ Internet Explorer cannot display the webpageပါတဲ့။ ဒါပေမယ့် cable နဲ့ပြောင်းသုံးကြည့်တော့ connection ရပါတယ်။ လာဆင်တဲ့ ကုလားကို ဖုန်းဆက်ပြောတော့ နင့်ရှေ့မှာပဲ ငါဆင်တုန်းကတော့ အလုပ်လုပ်တာပဲ အခုလည်း power၊ DSL ၊Internet lightတွေမှာလည်း မီးလင်းပြီး wlan lightပဲ မီးမလင်းတာဆိုတော့ ပြသနာကနင့်computerဖြစ်မှာတဲ့။ မဖြစ်နိုင်ဘူးလို့ငြင်းပြီး သူနဲ့ဆက်ပြောနေလည်း အကျိုးမရှိနိုင်တာကြောင့် Etisalat service centreကိုပဲထက်ပြီး ဖုန်းဆက်ရပါတယ်။သူတို့ကလည်း သူတို့ဘက်ကဘာမှမဖြစ် ဖြစ်နိုင်တာက routerပြသနာပါ။ Siemens service centreကိုဖုန်းဆက်ပါ ဆိုပြီး ဖုန်းနံပါတ်ပေးပါတယ်။

Siemensကိုဖုန်းဆက်တော့လည်း တခြားcomputer နဲ့လည်းစမ်းကြည့်ပါဦး။ အဲလိုမှ အလုပ်မလုပ်သေးရင် ပြန်ခေါ်ပါတဲ့။ တခြားcomputerနဲ့စမ်းပြီးလည်း အလုပ်မလုပ်တဲ့အတွက် ထပ်ဖုန်းခေါ်ရပြန်ပါတယ်။အဲဒီ့တော့မှ routerကို ပြန်ပြီး set up လုပ်ဖို့ mailပို့ပေးပါတယ်။ သူတို့ပြောတဲ့အတိုင်း setting ပြန်လုပ်တော့မှ wireless connectionက ပြန်ရပါတယ်။ ဒါပေမယ့် သုံးနေရင်းက တစ်ခါတစ်လေ ပြတ်သွားပြန်ပါတယ်။ Router ကိုပိတ်လိုက်ပြီး ပြန်ဖွင့်ရင်တော့ connection ပြန်ရပြန်ပါတယ်။ ဒီလိုနဲ့ပဲသုံးနေပြီး မဟုတ်သေးပါဘူး၊ ဖုန်းဆက်ပြီး ဒီကိစ္စပြောဦးမှဆိုပြီး Etisalatကိုထက်ပြီးဖုန်းဆက်ရပြန်ပါတယ်။

Agentက အဲလိုမျိုးဖြစ်နေတာဆိုရင်တော့ နင့်ရဲ့ network ကsecureမဖြစ်လို့ သူများတွေယူယူသုံးလို့ ပျက်ပျက်သွားတာလို့ ဆိုပါတယ်။ အဲဒီတော့ security set up ပြန်လုပ်ရအောင် Siemensကိုဖုန်းထက်ဆက်ပါဆိုလို့ ဆက်ရပြန်ပါတယ်။ ဒီလိုနဲသူတို့ပို့ပေးတဲ့ mailအတိုင်း ပြန်လုပ်ပြီး တစ်လလောက် စိတ်ချမ်းချမ်းသာသာ သုံးကောင်းနေပါတယ်။ မနေ့ကမှ ကိုယ့် blogကလေးကို မွမ်းမံနေတုန်း အရမ်းမုန်းတဲ့ စာကြောင်းကြီး ပြန်ပေါ်လာပါတယ်။ "Internet Explorer cannot display the webpage."ပါတဲ့။Routerကိုလှမ်းကြည့်လိုက်တော့ powerမီးစိမ်းလေးပဲ လင်းနေပြီး ကျန်တာတွေအကုန်ပျောက် နေပါတယ်။ ဂျာအေးကိုသူ့အမေရိုက် Etisalat ကိုဖုန်းထပ်ခေါ်ရပြန်ပါတယ်။..ဒန်..တ..တန့်..ဒန်....။

ဟုတ်ကဲ့။ လိုင်းဖြတ်လိုက်ပါတယ်တဲ့။ စကတည်းက ခုထက်ထိ billမဆောင်လို့ပါ။ လေးလရှိပါပြီ။ routerခနဲ့ပါပေါင်းရင် စုစုပေါင်း 746 DHS (1 us $=3.68 dhs) ပါတဲ့။ အမယ်မင်းလို့သာ အော်ဟစ်ညည်းချင်ခဲ့ပါတယ်။ ငါလည်းဘာမှ မသိလိုက်ရပါလား။ ငါဖြည့်တုန်းက လစာမှတိုက်ရိုက်ဖြတ်ရန်လို့ လုပ်ခဲ့တာပဲ။ လတိုင်းဖြတ်တဲ့ ထဲမှာပါပြီးသားထင်နေတာဆိုတော့ မဟုတ်ပါ၊ တစ်ခါမှ မလုပ်ရသေးပါတဲ့။ အဲဒါဆိုရင်လည်း ငါ့ဆီ noticeတော့ပို့သင့်ပါတယ်ဆိုတော့ ပို့မှာပါတဲ့။ တစ်ခါမှမရပါဆိုတော့ P.O.Boxပဲ မှားသလိုလိုနဲ့ တိတိကျကျအဖြေမရပါ။နောက်ဆုံး ငါအခုဘာလုပ်ရမလဲဆိုတော့ Etisalat machineတခုခုမှာ အနည်းဆုံး 100 dhsဆောင်လိုက်ပါ။ တစ်နာရီအတွင်း ပြန်ရပါမယ်တဲ့။

ထင်တော့ထင်သား၊ ငါ့ကို internet usageအတွက် chargeလုပ်ရဲ့လားလို့ လကုန်လို့ phone billရတိုင်း သံသယတော့ရှိသား။ ဒါပေမယ့် ဆောင်ရတဲ့ billကမခုတစ်လော ပိုပိုများနေတော့ internetအတွက်ပါ ထည့်ထားတယ်လို့ ထင်နေတာ။ လူဆိုတာလည်း ကိုယ့်ကို အပို လုပ်လိုက်ရင်သာ တကူးတက မေးမြန်းစုံစမ်းမယ်၊ အခုလိုဆိုရင်တော့ သံသယလေးနဲ့ပဲ မှေးနေမိလေ့ ရှိတာမဟုတ်လား။ သူတို့ကိုယုံကြည်မိတာလည်း ပါတာပေါ့။ ဒီနေ့နေ့လည်မှာ ညီမလေးက အလုပ်သွားရင်း ဝင်ဆောင်ပေးသွားလို့ ပြန်ရပါတယ်။ "ညီမလေးရေ ကျေးဇူးနော်"။ လောလောဆယ်တော့ ပြသနာမရှိလောက်တော့ဘူး ထင်ပါတယ်။ ဒါပေမယ့် အခန်းပြောင်းဖို့ အစီအစဉ်ရှိတာကြောင့် ပြောင်းဖြစ်ရင် သူ့လည်းရွှေ့ပြီး ထပ်ဆင်ရဦးမှာပေါ့။ အဲဒီအချိန်ကျရင်တော့ ဘာပြသနာထပ်ရှိမယ် မပြောနိုင်။
စိတ်ပိန်ရကြောင်းပါ......။

မိုး